အဲကွန်း နောက်ကွယ်က အသက်ရှူလမ်းကြောင်း ပြဿနာများ
ပူအိုက်တဲ့ ရာသီတွေမှာ အလုံပိတ်အခန်းထဲ အဲကွန်း အအေးဆုံးထားပြီး စောင်ခြုံကွေးနေရတဲ့ ဖီလင်က အလွန်ကောင်းတာကို ခံစားမိကြမှာပါ။ Supermarket တွေ၊ ဘဏ်တွေ၊ အဲကွန်းခန်းထဲမှာ အလုပ်လုပ်ရတဲ့ သူတွေ၊ လာရောက်တဲ့သူတွေ အတွက်လဲ နဂိုထဲက အဲကွန်းမကြိုက်တဲ့သူ မဟုတ်ဘူးဆိုရင်တော့ အဲကွန်းက သက်တောင့်သက်သာ ဖြစ်စေတဲ့ ဇိမ်ခံပစ္စည်းတစ်ခုပဲ ဆိုတာ ငြင်းစရာလိုမယ် မထင်ပါဘူးနော်။
ဒါပေမယ့် လူတွေ အတော်များများ ဂရုမပြုမိကြတာကတော့ ဒီလို အဲကွန်းခန်းတွေ နောက်ကွယ်မှာ ကျန်းမာရေးအတွက် သယ်ဆောင်လာနိုင်တဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေက တစ်ပုံတစ်ပင် ဆိုတာပါပဲ။ အဲကွန်းထဲမှာ နေ့ရောညပါ အနေကြာလာရင် အသက်ရှူ လမ်းကြောင်း အတွက် ဘယ်လိုဆိုးရွားစွာ ထိခိုက်စေမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ် နော်။
အဲကွန်းခန်းထဲမှာ အချိန်တော်တော်များများ ဖြတ်သန်းကုန်ဆုံးရတဲ့ သူတွေဟာ နှာခေါင်းနဲ့လည်ချောင်းမှာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ အအေးခန်းထဲမှာ ဓာတ်မတည့်တာ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ နှာခေါင်းရဲ့ တစ်ရှူးတွေ ရောင်ရမ်းတဲ့အခါ နှာရည်ယိုတာ ခံစားရနိုင်ပါတယ်။ တစ်ခြား အရာတွေ ဖြစ်တဲ့ နှာခေါင်းတွေ ပိတ်တာ၊ လည်ချောင်းတွေ ခြောက်ကပ်ကပ်နဲ့ ရေ ခဏခဏဆာတာ တွေဟာလဲပဲ အဖြစ်များပါတယ်။
နှာခေါင်းရဲ့ တစ်ရှူးတွေဟာ ရောင်ရမ်းရုံတင်မက လှုံ့ဆော်ခံရ၊ အဆွခံရတဲ့ အခါ ပြင်ပက ရောဂါပိုးဝင်လာရင် နှာခေါင်းထဲက ပြန်ထုတ်ဖို့ ကူညီပေးတဲ့ အကျိအချွဲတွေ ခြောက်ကပ်သွားတဲ့ အတွက် ဗိုင်းရပ်စ်ပိုးဝင်လာပါက တံခါးမရှိ၊ ဓားမရှိ ပိုပြီး ကူးစက်လွယ်စေပါတယ်။ ဒါကြောင့် နှာခေါင်းတွေပိတ်၊ လည်ချောင်းတွေ ခြောက်တာ သက်သာစေဖို့ အဲကွန်းခန်းထဲက သူတွေဟာ ရေပိုသောက်ပေးသင့်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ သမားတွေနဲ့ ဓာတ်မတည့်တာ ခံစားနေရတဲ့သူတွေဟာ အိမ်ပြင်ထွက်ပါက အသက်ရှူလမ်းကြောင်းကို ဆွပြီးလှုံ့ဆော်စေတဲ့ အရာတွေနဲ့ ထိတွေ့မှုများလို့ အိမ်ထဲမှာ တတ်နိုင်သလောက် နေဖို့ အကြံပြုကြပါတယ်။
ဒါပေမယ့်လဲ အိမ်ထဲမှာနေတဲ့ တချို့လူတွေဟာ အဲကွန်းခန်းထဲမှာနေတဲ့အခါ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ တရွှီရွှီ အသက်ရှူသံတွေ မြည်လာပြီး မောလာတာ စတဲ့ ဓာတ်မတည့်၊ အသက်ရှူလမ်းကြောင်း အဆွခံရလို့ ဖြစ်တဲ့ လက္ခဏာတွေ ခံစားရတတ်တာလဲ တွေ့ရပါသေးတယ်။ အဲ့လို လူတွေကတော့ အဲကွန်းခန်းတွေ ရှောင်သင့်ပါတယ်။
ဒီလို ဖြစ်တာဟာ အဲကွန်းနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်သလို၊ အဲကွန်း ကို သေချာသန့်ရှင်းရေးမလုပ်၊ ထိန်းသိမ်းမှုမလုပ်ဘဲ ပစ်ထားလို့ အဲကွန်းထဲမှာ ဖုန်တွေ ၊ အညစ်အကြေးတွေ များလာပြီး ဓာတ်မတည့်တာတွေ ပိုဆိုးလာစေတာလဲ ဖြစ်နိုင်ပါတယ်။
အဲကွန်းဟာ အပြင်ကလေကို သူ့မှာရှိတဲ့ ကွိုင်တွေထဲကို ဆွဲယူတာကြောင့် စိုထိုင်းမှု အမြဲရှိနေပြီး သန့်ရှင်းမှုမရှိပါက ဘက်တီးရီးယားတွေပေါက်၊ မှိုတွေ စွဲ နိုင်တဲ့ ပိုးပေါင်းခ တဲ့ နေရာပါ။ ဒါကြောင်မို့လို့ အဲကွန်းကို ပုံမှန် သန့်ရှင်းရေး လုပ်တာ၊ filter လဲတာ၊ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး Maintainance servicing လုပ်တာတွေကလဲ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။
မိတ်ဆွေကော အဲကွန်းခန်းထဲမှာ နေရတဲ့ " Busy Bee ,Busy Buddy " တစ်ယောက်ပဲလား? ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
Aptil Sue 27 Mar 2023 |
အိပ်နေရင်းနဲ့ အသက်ရှူမရတော့ပဲ လေပြွန်ပိတ်သလို ခဏခဏဖြစ်နေပါတယ် တံတွေးမြိုရခက်တတ်ပါတယ် အသက်ရှူလို့မရဘဲ မျက်လုံးတွေပြူးမျက်ရည်တွေကျပြီး အသက်ရှူဖို့ရုန်းကန်နေရပါတယ် ခွီ ဆိုတဲ့အသံကြီးပဲလည်ချောင်းကထွက်လာပြီး ၃ မိနစ်လောက်ဖြစ်ပါတယ် သေရွာကပြန်လာရသလိုပါဘဲ အရမ်းခံစားရပါတယ် ဘာရောဂါဆိုတာနဲ့ဘယ်လိုကြောင်ဲဖစ်တတ်တာသိချင်ပါတယ်ရှင်